မြန်မာ့ ဘတ်ဂျက် အနီးကြည့် ၊ အဝေးကြည့်
ဘတ်ဂျတ်ဆိုသည့် စကားရပ်၏ အမြစ်တူးကြည့်ပါလျှင် ၁၉ ရာစု အစောပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီး ၁၈၆၂ ခုနှစ်တွင် ပြဌာန်းခဲပေသာ ပြင်သစ်ဥပဒေ တစ်ခုတွင်တွေ့ရှိရသည်။ ယေဘူယျ ခြုံငုံပြောရပါလျှင် ဘတ်ဂျက်ဆိုသည်မှာ လာမည့် ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရ၏ ဘဏ္ဍာရေး အစီအစဉ်များ ဖြစ်သည်။ ဘတ်ဂျက်အား အစိုးရအဖွဲ့မှ နှစ်စဉ် အကြမ်းရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ယူရလေ့ရှိသည်။ ပုံမှန်အားဖြင့် တစ်နှစ်တာ ကာလအတွက် သာရေးဆွဲလေ့ ရှိသည်။ဘတ်ဂျက်ရေးဆွဲရခြင်း ရည်ရွယ်ချက်များတွင် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ တည်ငြိမ်မှု ရှိစေရန်၊ ဝင်ငွေခွဲဝေမှုများ (ဆင်းရဲသူနှင့် ချမ်းသာသူများ) အကြား နှင့် နိုင်ငံတော် ဘဏ္ဍာငွေများအား သက်ဆိုင်ရာ အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် ခွဲဝေချထားပေးရန် တို့ ဖြစ်နိုင်သည်။ သို့သော် နိုင်ငံတစ်ခုချင်းစီမှ အခြေအနေပေါ်မူတည်၍ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သော်လည်း ယေဘူယျအားဖြင့် အထက်ပါ ရည်ရွယ်ချက်သုံးမျိုးပေါ်တွင် မူတည်လေ့ရှိသည်။ဘဏ္ဍာရေးနှစ်
ဘဏ္ဍာရေးနှစ်ဟုဆိုလျှင် မြန်မာနိုင်ငံတွင် မျက်စိလည်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီလ(၁) ရက်နေ့တွင် စ၍ မတ်လ (၃၁) တွင် စသောကြောင့် ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော ပြက္ခဒိန်နှစ်ဖြင့် ကိုက်ညီမှု မရှိဖြစ်နေတက်သည်။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ဘတ်ဂျက်ဥပဒေတွင် ၂၀၁၁-၂၀၁၂ ၊ ၂၀၁၂-၂၀၁၃ ၊၃၀၁၃-၂၀၁၄ စသည်ဖြင့် ပါရှိခြင်း ဖြစ်သည်။ဤကဲ့သို့ ဖြစ်ခြင်းမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော ကမ္ဘာ့နိုုင်ငံတော်တော်များများတွင်လည်း တွေ့ရှိရလေ့ရှိသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းများထဲတွင် ဖြစ်နိုင်ချေရှိသော အကြောင်းကိစ္စတစ်ခုမှာ ကောက်ပဲသီးနှံများ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များနှင့် အံဝင်ခွင်ကျ ရှိစေရန် ဖြစ်သည်။ စိုက်ပျိုးချိန်၊ရိတ်သိမ်းချိန်များနှင့် ချိန်ညှိမှုပြုထားခြင်းအားဖြင့် လိုအပ်သော အစီီအမီများ ချမှတ်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးအပေါ်အခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါ ချိတ်ဆက်မှုအား ပြုလုပ်ထားလေ့ရှိသည်။
ဥပမာပေးရပါလျှင် အန္ဒိယနိုင်ငံတွင် မိုးရာသီစိုက်ပျိုးချိန် ဖြစ်သော မေ၊ဇွန်နှင့် ဇူလိုင်လ အပြီးမှသာလျှင် နိုင်ငံအတွင်း ဝင်ငွေမည်မျှ ရနိုင်မည်ဆိုသည်ကို သိရှိနိုင်သောကြောင့် ဘတ််ဂျက်နှစ်အား အဆိုပါစိုက်ပျိုးရိတ်သိမ်းချိန်များနှင့် ချိန်ညှိထားလေ့ရှိသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေး တစ်ခုတည်းကသာ ဝင်ငွေ ရရှိနိုင်သော တစ်ခုတည်းသော လမ်းကြောင်းမဟုတ်သဖြင့် ပြောင်းလဲလိုက ပြောင်းလဲနိုင်စွမ်းတော့ ရှိသည်။ အလှူရှင်နိုင်ငံများ၏ လှူဒါန်းငွေအပေါ် မီခိုမှု ရှိနေသော ပါ၀ါနယူးဂီနီလို နိုင်ငံများတွင်တော့ ၄င်းတို့၏ ဘဏ္ဍာရေးနှစ်အား တရားဝင်လှူရှင်နိုင်ငံများ၏ ဘဏ္ဍာရေးနှစ်ဖြင့် ချိန်ညှိထားသည်။
ဘတ်ဂျက်အား မြန်မာနိုင်ငံတွင် သုံးလေ့ရှိသော အသုံးအနှုန်းမှာ “ရသုံးမှန်းခြေ ငွေစာရင်း”ဖြစ်သည်။ မည်သို့ပင် ခေါ်စေကာမူ စာရှူသူများ ဖတ်ရှုရ လွယ်ကူစေရန်အတွက် ဘတ်ဂျတ်ဟုသာ တိုက်ရိုက်အသုံးပြုလိုပါသည်။ သို့ဖြစ်သောကြောင့် ဘဏ္ဍာရေးနှစ်စချိန်ဖြစ်သော ဧပြီ ၁ ရက်နေ့မတိုင်ခင် ထွက်ရှိသော ဘတ်ဂျတ်ဥပဒေအား “ ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း” ဖော်ပြပါရှိသည်။ ဤနေရာတွင် သတိပြုရန် အချက်မှာ “ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း”ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ရသုံးမှန်းခြေငွေစာရင်းဟု ဆိုရာတွင် အမျိုးအစားနှစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ယခင်အစိုးရ အဆက်ဆက်တွင် အတော့ ဘတ်ဂျတ်ဟု ဆိုရာတွင် နိုင်ငံတော် ဘတ်ဂျတ်သာရှိခဲ့သည်။ သို့သော် ၂၀၁-၂၀၁၂ တွင်မတော့ ဘတ်ဂျက်ဟု ဆိုရာတွင် “ ပြည်ထောင်စု ဘတ်ဂျတ်နှင့် တိုင်းဒေသကြီး ၊ပြည်နယ် ဘတ်ဂျတ်” ဟူ၍ နှစ်မျိုး ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။
ဘတ်ဂျက်ဟု ဆိုရာတွင် ဝင်ငွေနှင့် အသုံးစားရိတ် ဟူသော အဓိက အစိတ်အပိုင်းကြီးနှစ်ခု ပါဝင်သည်။ သိ့ုဖြစ်သောကြောင့် ပြည်ထောင်စု ဘတ်ဂျတ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့်စပ်ဆိုင်သော ဝင်ငွေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အသုံးစားရိတ်များ ပါဝင်မည် ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဘတ်ဂျတ်တွင်မတော့ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များ၏ ဝင်ငွေများနှင့် အသုံးစားရိတ်များအား ဖော်ပြပါရှိမည် ဖြစ်သည်။ ဘတ်ဂျတ်ဥပဒေဟု ခေါ်ဆိုချိန်တွင်မတော့ အဆိုပါ ဝင်ငွေ၊ ရငွေများနှင့် အသုံးစားရိတ်များအား အဆင့်ဆင့်မည်ကဲ့သို့ စီမံခန့်ခွဲမည် ဆိုသည်ကို ဖော်ပြပါရှိရမည် ဖြစ်သည်။ ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေတွင်မတော့ ပြည်ထောင်စု အစိုးရအဖွဲ့၏ လာမည့် ဘဏ္ဍာနှစ်အတွင်း ဝင်ငွေများအား မည်ကဲ့သို့ ရှာဖွေမည်၊ မည့်သည့် ကဏ္ဍများတွင် သုံးစွဲမည် ဆိုသည်များ ဖော်ပြပါရှိမည် ဖြစ်သည်။ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘတ်ဂျတ်ဥပဒေများတွင်မတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဝင်ငွေများအား ဘယ်လိုရှာဖွေမည်၊ မည်သည့်နေရာများတွင် သုံးစွဲမည် ဆိုသည်များအား ဖော်ပြပါရှိမည် ဖြစ်သည်။ ပြည််ထောင်စုအစိုးရအဖွဲ့အနေဖြင့် မည်သည့်နည်းလမ်းများဖြင့် ဝင်ငွွေများ ရရှိနိုင်မည်၊ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မည်သည့် နေရာနည်းလမ်းများအားဖြင့့် ဝင်ငွေများရှာဖွေနိုင်မည် ဆိုသည်ကိုကား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရ ပြဌာန်းသတ်မှတ်ပေးထားသော အခွန်အကောက်စာရင်းများတွင် တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုက်ရိုက်မပါရှိသော်လည်း ညွှွှန်ကြားချက်များ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွွဲ့များ၏ ညှိနှိုင်းချက်များအရလည်း ကွဲပြားမှု ရှိနိုင်မည် ဖြစ်သည်။
ပြည်သူနှင့် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာ)
တစ်ကယ်တော့ ပြည်သူဆိုသည်မှာ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်သော မြန်မာနိုင်ငံသား အယောက်စီတိုင်းကို ရည်ညွန်းလိုခြင်းဖြစ်သည်။ တခြားတစ်ဖက်မှ ရှူမြင်ရလျှင် အခွန်ပေးဆောင်သော နိုင်ငံသားအားလုံးကို ရည်ညွန်းလိုခြင်းဖြစ်သည်။ တစ်နည်း အခွန်ထမ်း ပြည်သူဟု ခေါ်သည်။ ဤသို့ဆိုလျှင် အခွန်မဆောင်သော နိုင်ငံသားများ ရှိသလားဟူသော မေးခွန်းကို မေးစရာရှိသည်။
ကျွန်တော့် အနေဖြင့် ဆိုရပါလျှင် လူတိုင်းအခွန်ဆောင်ကြရပါသည်။ ပေးကြရပါသည်။ ကုမ္မဏီကြီးဖွင့်၍ စီးပွားရေးလုပ်ငန်းကြီးလုပ်ကိုင်နေသူမှ အစ ဆိုက်ကားနင်းသူ၊ လယ်စိုက်သူအဆုံး လူတိုင်းအခွန်ဆောင်ကြရပါသည်။ အခွန်ဆောင်ရသည့် ပမာဏနှင့် အခွန်ပေးရသည့် ပုုံစံခြင်းသာ ကွာခြားလျှင် ကွာခြားမည် အားလုံး အခွန်ဆောင်ရပါသည်။
လူတစ်ချို့က မိမိရသော ဝင်ငွေအပေါ်ကို မူတည်၍ အတိုင်းအတာတစ်ခုထိ အခွန်ဆောင်ကြရသည်။ ထိုသို့ပေးဆောင်ရာတွင် တစ်ချို့က တိုက်ရိုက်ပေးဆောင်ကြသည်။ တစ်ချို့က သွယ်ဝိုက်သောနည်းဖြင့် ပေးဆောင်ကြရသည်။ သို့သော် အခွန်ကတော့ ပေးရသည်ပဲဖြစ်သည်။ ချမ်းသားသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ အခွန်ကတော့ ပေးရသည်ပဲ ဖြစ်သည်။ အချို့သော သုတေသန လေ့လာတွေ့ရှိချက်များအရ ဆင်းရဲသော သူများက ချမ်းသာသောသူများ ထက်ပို၍ အခွန်ဆောင်ရသည် ဟုဆိုသည်။
နိုင်ငံတော် နှင့် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာ)
ဤနေရာတွင် စကားအသုံးနှစ်ရပ်အား ရှင်းစရာရှိပေလိမ့်မည် ။ နိုင်ငံတော် နှင့် ဘဏ္ဍာဖြစ်သည်။ နိုင်ငံတော် ဆိုသည့် စကားရပ်အား ကြားတိုင်း လူအများက အစိုးရကိုသာ မြင်ကြသည်။ နိုင်ငံတော်သည် အစိုးရကို ကိုယ်စားပြုခြင်းမဟုတ်၊ အစိုးရကသာ နိုင်ငံတော်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ အကယ်၍သာ နိုင်ငံတော်အား အိမ်တစ်အိမ် အဖြစ်တင်စားလျှင် ထိုအိမ်အား ထောက်ကန်ပေးထားသော အဓိက ဒေါက်တိုင်များရှိသည်။ အဓိကအားဖြင့် အဓိက ဒေါက်တိုင်ကြီးလေးခု ရှိသည်။ ပထမတစ်ခု အနေဖြင့် လူဦးရေ (population )၊ နိုုင်ငံတော်နယ်နိမိတ်( territority)၊ အချုပ်အခြာအာဏါ (Soverinity) နှင့် အစိုးရ ( Government )ဖြစ်သည်။
အဆိုပါ ဒေါက်တိုင်ကြီးများတွင်မှ အရေးအကြီးဆုံးမှာ ဤနိုင်ငံတွင် မှီတင်းနေထိုင်သော သန်း ၆၀ သောပုဂ္ဂိုလ်များကို ဆိုလိုသည်။
(ဘတ်ဂျတ်) တစ်နည်းအားဖြင့် (ဘဏ္ဍာ )ဆိုသည်မှာ သည်းခြေကြိုက် အရာတစ်ခုဖြစ်သည်။ ဤနေရာတွင် အဓိက ပြောချင်သည်မှာ (ပြည်ထောင်စုု ဘဏ္ဍာ) Union Budget အား ပြောလိုရင်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘတ်ဂျတ် (ဘဏ္ဍာ) တစ်ရပ်တွင် အဓိက အရေးကြီးသော အစိတ်အပိုင်းကြီးနှစ်ရပ် ရှိပါသည်။ ရငွေ (revenue ) နှင့် အသုံးစရိတ် (expenditure ) ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆိုရပါလျှင် ဘတ်ဂျတ်ဥပဒေတစ်ခုတွင် အစိုးရတစ်ရပ်၏ သတ်မှတ်ထားသော အချိန်ကာလ တစ်ခုအတွင်း အကောင်အထည်ဖော် ဆောင်ရွတ်မည့် ငွေကြေး အစီအစဉ်များ ပါရှိတတ်သည်။ ဘတ်ဂျတ်ဥပဒေတစ်ခု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယေဘူယျအား ဖြင့် နိုင်ငံတော်၏ စီးပွားရေး တစ်ခုလုံးအား ဟန်ချက်ညီီစေရန်၊ နိုင်ငံ့စီးပွား ကြွွယ်ဝမှု မှတစ်ဆင့် နိုင်ငံသားများအား အကျိုးဖြစ်ထွန်းမှု ရှိစေရန်၊ အစိုးရ၏ လုပ်ငန်းဆောင်တာ အမျိုးမျိုးအား လို်အပ်သော ငွေကြေးအရင်းအမြစ်များ ခွဲဝေပေးနိုင်ရန် ဖြစ်သည်။
ရငွေ ဆိုသည်မှာ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ် တစ်နှစ် အတွင်း အစိုးရတစ်ရပ် အနေဖြင့် ခန့်မှန်းတွက််ချက်ထားသော အရပ်ရပ်သော ငွေကြေးပမာဏဖြစ်သည်။ နိုင်ငံတစ်ခုအနေဖြင့် ငွေရနိုင်သော လမ်းကြောင်းပေါင်းများစွာ ရှိနိုင်သည်။ မည်၍ မည်မျှရရှိသည် ဆိုသည်မှာတော့ အဆိုပါနိုင်ငံအား စီမံခန့်ခွဲနေသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်သည်။ အချို့သော အစိုးရများက စီိးပွားရေးလုပ်ရာတွင် ပါးနပ်သည်။ လုပ်တတ်ကိုင်တတ်သည်။ ရရှိလာသော ငွေများအား မည်ကဲ့သို့ ရင်းနှီးမြှပ်နှံမည် နိုင်ငံသားများ၏ အကျိုးစီးပွားအား မည်ကဲ့သို့ တိုးတက်အောင် လုပ်မည်ဆိုသည်ကိုပါ နားလည် သဘောပေါက်သဖြင့် ပန်းတိုင်သို့ ရောက်ကြသည်။ အချို့ကား ထိုသို့မဟုတ်၊ စီးပွားရေးမလုပ်တတ်သဖြင့် နိုင်ငံတွင်ရှိသည့် သယံဇာတများကိုသာ ရောင်းစားပြီး ငွေရှာတတ်သည်။ ပိုဆိုးသည်ကား အဆိုပါ သယံဇာတများ၏ တန်ဖိုးလည်း မသိသဖြင့် လက်လွတ်စပါယ် လုပ်တတ်ကြသည်။ ရရှိလာသည့် ငွွေကြေးများကို လည်း ဘယ်လို၊ ဘယ်ပုံ ရင်းနှီးရမည်လည်း မသိ၊ နိုင်ငံ့ အကျိုးစီးပွားအား မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်ရမည် ကိုလည်းမသိသဖြင့်၊ ပန်းတိုင်မရောက်ဘဲ လမ်းခုလတ်တွင် တဝဲလည်လည် ဖြစ်၍ နောက်ဆုံး မငြိမ်သက်မှုများ၊လူမျိုးရေး နိုင်ငံရေး ပဠိပက္ခများ၊ အဓိကဠုန်းများ၊ အဆိုးဆုံး အနေဖြင့် ပြည်တွင်း စစ်များဖြင့် နိဂုံး ချုပ်တက်ကြသည်။ အရေးကြီးဆုံး အချက်မှာတော့ နိုင်ငံ့အရေးအရာများအား စီမံခန့်ခွဲသူများ၏ “စိတ်စေတနာ” အခြေခံဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များကား စိတ်အခြေခံကောင်းသဖြင့် နိုင်ငံ၏ အကျိုးကိုရှေ့တန်းတင်သဖြင့် ပန်းတိုင်ရောက်ခြင်းများ ရှိသကဲ့သို့၊ အချို့သော ပုဂ္ဂိုလ်များကား မိမိကောင်းစားရေး၊ ဆွေမျိုးပေါက်ဖော်ကောင်းစားရေးဖက်သို့ ဦးလည်သွားသော အခါ နိုင်ငံတစ်ခုလုံံး အနေဖြင့် ပြာပုံတိုးရသည့် အဖြစ်မျိုးများလည်း ကြုံကြရသည်။
အသုံးစရိတ်ဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်၊ သတ်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း မည်သည့်ကဏ္ဍများတွင် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို ခန့်မှန်းလျာထားခြင်းဖြစ်သည်။ ဆိုတော့ နားလွယ်လည်အောင် ပြောရလျှင် ထိုသို့သော ဝင်ငွေ နှင့် အသုံးစရိတ်များကို စီမံခန့်ခွဲရန် အစီအစဉ်ချခြင်းဖြစ်သည်။
့အပြင် ဘတ်ဂျတ်အား နိုင်ငံရေး ကိရိယာတစ်ခု အဖြစ်လည်း ရှူမြင်နိုင်သလို စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ကိရိယာတစ်ခုအနေဖြင့်လည်းရှူမြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရမှ လိုအပ်သော ဝင်ငွေရှာဖွေနိုင်ရန် အတွက် သင့်လျှော်သော ပေါ်လစီ၊မူဝါဒများ ချမှတ်လိုက်သော အခါ ထို ချမှတ်လိုက်သော ပေါ်လစီ မူဝါဒများ အပေါ် မူတည်၍ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ကလည်း ငှင်းတို့၏ စီးပွားရေးနှင့် သက်ဆိုင်သော မူဝါဒများအားလိုက်လံ ထိန်းညှိသောကြောင့်ဖြစ်သည်။ ထို့အပြင် အစိုးရတစ်ရပ်၏ ဘတ်ဂျတ်မူဝါဒများ အပေါ်မူတည်၍ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်လေ့ရှိသောကြောင့်ဖြစ်သည်။
ဒီ့အပြင် ဘတ်ဂျတ်ခွဲဝေချထားမှုများ မှ တစ်ဆင့်လည်း အစိုးရတစ်ရပ်၏ လားရာ၊ဦးစားပေး အစီအစဉ်များကို လည်း သိရှိနိုင်သည်။ ဥပမာအားဖြင့့် ကျန်းမာရေးကဏ္ဍ အတွက် အသုံးစရိတ် ခွဲဝေချထားပေးမှုမှ တစ်ဆင့် အစိုးရ၏ အမျိုးသား ကျန်းမာရေးဏ္ဍ အပေါ်တွင် အာရုံစိုက်မှုကို သိရှိနိုင်သည်။ အလားတူ ပညာရေးကဏ္ဍ ဘတ်ဂျတ်ကို ကြည့်ခြင်းအားဖြင့်လည်း အစိုးရ၏ ပညာရေးအပေါ်တွင် ထားရှိသော သဘောထားကို လည်းသိရှိနိုင်သည်။ အစိုးရ၏ ဂတိကဝတ်များ မည်မျှကောင်းမွန်ပါစေ၊ မိန့်ခွန်းများ မည်မျှကောင်းကောင်းပြောပါစေ၊ အမှန်တစ်ကယ် ၄င်းတို့၏ ဦးစားပေး အစီအစဉ်များမှာ ၄င်းတို့ခွဲဝေချထားပေးသော ဘတ်ဂျတ်ခွဲတမ်းများ အပေါ်တွင် ပေါ်လွင်ပါနေလေ့ရှိပါတော့သည်။
Credit The Watchdog
No comments:
Post a Comment